သတင်းစစ်ကော်မရှင် ရွေးကောက်ပွဲအပြီး သမ္မတတင်မြှောက်မှုကို ဧပြီလဆန်းတွင် လုပ်မည်ဟု ဒုစစ်ခေါင်းဆောင်ပြော

2026. 02. 25


မဇ္ဈိမ။ ။ အတုအယောင်အဖြစ် သတ်မှတ်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲပြီးနောက် လွှတ်တော်ခေါ်ယူပြီး သမ္မတတင်မြှောက်မှုကို လာမည့် ဧပြီလဆန်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ကော်မရှင် ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယမန်နေ့ (ဖေဖော်ဝါရီ ၂၄) က ပြောသည်။

ယမန်နေ့က ရှမ်းပြည်နယ်ရှိ နောင်ဝိုး၊ ကျိုင်းခမ်းနှင့် မိုင်းပျဉ်းတပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယနေ့(ဖေဖေါ်ဝါရီ ၂၅ ရက်)ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။

“ဧပြီလဆန်းပိုင်းတွင် သမ္မတ ရွေးချယ်တင်မြှောက်၍ အစိုးရသစ်တရပ်ဖွဲ့စည်းကာ နိုင်ငံတော်၏ တာဝန်ကို ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း” ဟု ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

စစ်ကော်မရှင်အနေဖြင့် မကြာမီကာလအတွင်း လွှတ်တော်ခေါ်ယူပြီး အစည်းအဝေးကျင်းပနိုင်ရန် ဆောင်ရွက်နေကြောင်း၊ ပြည်သူ့လွှတ်တော် အစည်းအဝေးကို မတ်လ ၁၆ ရက်နေ့ နှင့် အမျိုးသားလွှတ်တော်အစည်းအဝေးကို မတ်လ ၁၈ ရက်နေ့တွင် ကျင်းပရန် ဆောင်ရွက်နေကြောင်းလည်း ထည့်သွင်းပြောသည်။

နိုင်ငံတဝန်း မြို့နယ် ၃၃၀ တွင် မြို့နယ် ၆၇ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု ၄,၀၀၀ ကျော်ကို ချန်လှပ်ကျင်းပခဲ့သည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ဖွံ့ပါတီက နေရာအများဆုံး အနိုင်ရထားသည်။

စစ်ကော်မရှင် ဆက်လက်ကိုင်စွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့နှင့် တပ်ကိုယ်စားလှယ်များ အစုအဖွဲ့ စသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ သုံးဖွဲ့ဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။

ထိုအစု အဖွဲ့တဖွဲ့စီက ဒုတိယသမ္မတ တဦးစီရွေးချယ်တင်မြှောက်ရမည်ဖြစ်ပြီး သမ္မတကို ထိုအထဲမှ ရွေးချယ်တင်မြှောက်ရမည်ဖြစ်သည်။

လက်ရှိတွင် ယာယီသမ္မတဟုဆိုသည့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတလုပ်မည်ဟု သုံးသပ်မှုများလည်းရှိနေသည်။


Ref : Mizzima – News in Burmese (https://www.facebook.com/share/p/1Hud9ZN8BB/)

82714a4225cd0.png